ဓာတ်ရောင်ခြည်ကုထုံးဆိုတာ ဘာလဲ
ဓာတ်ကင်တယ်၊ မီးကင်တယ်လို့ အရပ်ထဲမှာ ပြောကြတဲ့ ဓာတ်ရောင်ခြည်ကုထုံးကို ဆေးပညာအားဖြင့် Radiotherapy လို့ခေါ်ပြီး ကင်ဆာဆဲလ်တွေကို သတ်ရာမှာ အသုံးပြုလေ့ ရှိပါတယ်။
ဓာတ်ရောင်ခြည်ကုထုံးကို ကင်ဆာရောဂါရဲ့ ဘယ်အဆင့်မှာမဆို အသုံးပြုနိုင်ပါတယ်။
- အစောပိုင်းအဆင့်တွေမှာ ကင်ဆာရောဂါ လုံးဝပျောက်ကင်းသွားအောင် ပြုလုပ်တာကို Curative Radiotherapy
- ခွဲစိတ်ခြင်း၊ Chemotherapy ကင်ဆာဆေးသွင်းခြင်းတွေနဲ့ ပေါင်းပြီး လုပ်ဆောင်တာကို Neo-adjuvant Radiotherapy
- ခွဲစိတ်ပြီးတဲ့အခါ နောက်တစ်ကြိမ် ကင်ဆာထပ်မဖြစ်အောင် ကာကွယ်တာကို Adjuvant Radiotherapy
- ကုသပျောက်ကင်းနိုင်ခြေ မရှိတော့တဲ့ ကင်ဆာအဆင့်တွေမှာ ရောဂါလက္ခဏာတွေ သက်သာအောင်သာ ပေးတာကို Palliative Radiotherapy စသဖြင့် ခေါ်ဆိုပါတယ်။
ဓာတ်ရောင်ခြည်ကုထုံးပုံစံ အမျိုးမျိုးရှိပြီး ဘယ်လို ပေးသင့်သလဲ ဆိုတာကို သက်ဆိုင်ရာကျွမ်းကျင်တဲ့ ဆရာဝန်က ဆုံးဖြတ်လေ့ရှိပါတယ်။
- External Radiotherapy က ကင်ဆာရှိတဲ့ အစိတ်အပိုင်းဆီကို စက်ကနေ ဓာတ်ရောင်ခြည်တွေ ထုတ်လွှတ် ကုသပေးတာပါ။
- Radiotherapy Implants (Brachytherapy) က ရေဒီယို သတ္တိကြွတဲ့ သတ္တုကို ခန္ဓာကိုယ်ထဲက ကင်ဆာရှိတဲ့ နေရာကို ယာယီထည့်ထားတဲ့ ကုသမှု ဖြစ်ပါတယ်။
- Radiotherapy Injections, Capsules or Drinks (Radioisotope Therapy) ဆိုတာကတော့ ရေဒီယို သတ္တိကြွတဲ့ အရည်ကို မျိုချရတာ သို့မဟုတ် သွေးကြောထဲကို ထိုးပေးတာပါ။
- Intrabeam Radiotherapy ဆိုတာက ရင်သားကင်ဆာကို ခွဲစိတ်ကုသနေစဥ်မှာ ကင်ဆာအကျိတ်ကို ဓာတ်ရောင်ခြည် တိုက်ရိုက်ပေးပြီး ကုသတာပါ။
ဓာတ်ရောင်ခြည်ကုထုံးကို ဆေးရုံမှာ ပေးလေ့ရှိပြီး External Radiotherapy ပေးပြီး နာရီအနည်းငယ်ကြာရင် အိမ်ပြန်လို့ ရပေမယ့် ကျန်တဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေ အတွက်တော့ ဆေးရုံမှာ ရက်အနည်းငယ်ခန့် နေဖို့ လိုအပ်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး အနေနဲ့…
- မောပန်းနေတာ
- ဖျားတာ
- မစားချင်မသောက်ချင်ဖြစ်တာ
- ဓာတ်ရောင်ခြည်ပေးတဲ့ နေရာတဝိုက် အမွှေး၊ ဆံပင်ကျွတ်တာ
- ပါးစပ်နာတာ
- ဝမ်းလျှောတာတွေ ခံစားရနိုင်ပါတယ်။
ဘယ်သူကမှတော့ ကင်ဆာရောဂါ မဖြစ်ချင်ကြပါဘူး။ မတတ်သာလို့ ဖြစ်လာတဲ့အခါမှာ ဓာတ်ရောင်ခြည်ကုထုံး အပါအဝင် ကုသမှုတွေ ခံယူပြီး ဝေဒနာတွေ ပျောက်ကင်းသက်သာနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်